ပျော်ရွှင်တဲ့ ကလေးတွေက ဉာဏ်ပိုကောင်းကြလေသလား
မိဘတိုင်းရဲ့ အဖြူရောင် အတ္တက ကိုယ်ရဲ့ သွေးသားဖြစ်တဲ့ ရင်သွေးလေးတွေကို အမြဲလိုလို ပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်စေချင်တာပါ။ ဒီလိုမျိုး ဉာဏ်ရည်ထက်မြက်စေဖို့ဆိုရင် ကလေးကို ဘယ်လိုလေးတွေ လုပ်ဆောင်ပေးရမလဲဆိုတာကို သိချင်နေတာက မိဘတိုင်း ဖြစ်မှာပါ။ ဒီတော့ ကလေးကို ဘယ်လိုအခြေအနေတွေကက ဉာဏ်ရည်ထက်မြက်စေနိုင်သလဲ ဆိုတာနဲ့ မိဘတွေက ဘာတွေ လိုက်နာဖို့များ လိုအပ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီနေရာမှာ ပြောချင်တာလေး တစ်ခုရှိပါသေးတယ်။ ဒါကတော့ ကလေးကို ပျော်ရွှင်အောင် ထားပေးတာက ကလေးကို ဉာဏ်ပိုကောင်းထက်မြက်စေနိုင်တယ် ဆိုတာပါ။
အခုနောက်ပိုင်း ကလေးတော်တော်များများက အာဟာရစုံလင်လှတဲ့ ဖြည့်စွက်အာဟာရတွေကြောင့် ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းလာကြပေမယ့် Screen Time များတာက ကလေးတွေရဲ့ ဉာဏ်ရည်ထက်မြက်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကလေးတွေကို ဉာဏ်ကောင်းစေဖို့ဆိုရင်တော့ Screen Time ကို ကန့်သတ်ဖို့ လိုမှာ ဖြစ်သလို အာဟာရ ပြည့်ဝအောင် ကျွေးမွေးတာအပြင် ကလေးကို စိတ်ရှည်လက်ရှည်ထားဖို့ လိုမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကလေးကို ပျော်ရွှင်အောင် ထားပေးတာကလည်း ကလေးကို ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
ကလေးကို ပျော်ရွှင်အောင် ထားပေးတာက ဉာဏ်ပိုကောင်းတယ်လို့ ပြောရတဲ့ အကြောင်းအရင်းကတော့ ဒီအချက်လေးတွေကြောင့်ပါ။ မိဘတွေက ပျော်ရွှင်အောင် ထိန်းကျောင်းခံရတဲ့ ကလေးတွေက
- သင်ယူနိုင်စွမ်း ကောင်းကြတယ် - ငယ်စဉ်ကတည်းက ပျော်ရွှင်စွာ ကြီးပြင်းလာကြတဲ့ ကလေးတွေဟာ လေ့လာသင်ယူနိုင်စွမ်း ပိုကောင်းကြပါတယ်။ သင်ကြားရတာ လွယ်ကူတာလည်း သူတို့လေးတွေပါ။
- ပြဿနာ ဖြေရှင်းနိုင်စွမ်း ကောင်းကြတယ် - ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာကြတဲ့ ကလေးတွေက ပြဿနာတွေကို ကောင်းကောင်း ဖြေရှင်းနိုင်ကြပြီး ဆုံးဖြတ်ချက် ချနိုင်စွမ်းကလည်း တော်တော်လေး ကောင်းပါတယ်။
- မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ကြတယ် - ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာကြတဲ့ ကလေးတွေဟာ ပြဿနာ ဖြေရှင်းနိုင်စွမ်း ကောင်းကြသလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်ကြပါတယ်။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်မိတာမျိုးကလည်း ရှားပါတယ်။
- စိတ်ရှည်သည်းခံကြတယ် - မိဘတွေက စိတ်ရှည်စွာနဲ့ ရှင်းပြပြောပြရင်း ပျော်ရွှင်စွာ ကြီးပြင်းလာကြတဲ့ ကလေးတွေဟာ အရာရာကို စိတ်ရှည်သည်းခံနိုင်စွမ်း ရှိကြသလို အဖက်ဖက်မှာ အောင်မြင်နိုင်ခြေလည်း ပိုများပါတယ်။
- စိတ်ခံစားမှု ထိန်းသိမ်းနိုင်စွမ်း မြင့်မားကြတယ် - ပျော်ရွှင်စွာ ကြီးပြင်းစေမှုက ကလေးကို စိတ်ခံစားမှု ထိန်းသိန်းနိုင်စွမ်းလည်း ကောင်းစေပါတယ်။ အရာရာကို အဆောတလျင် ဆုံးဖြတ်တာမျိုး နည်းကြပြီး ခေါင်းအေးအေးနဲ့ စဉ်းစားလို့ ဖြေရှင်းတတ်ကြပါတယ်။
- မှတ်မိနိုင်စွမ်း မြင့်ကြတယ် - ပျော်ရွှင်ခြင်းက ဦးနှောက်ကို အကောင်ဆုံး ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးသလို မှတ်မိနိုင်စွမ်း ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။
ပျော်ရွှင်မှုက လူကြီးတွေကိုတောင် အကောင်းဆုံး အတွေ့အကြုံတွေ ပေးစွမ်းနိုင်တယ် ဆိုမှတော့ ဦးနှောက် အပါအဝင် အရာရာ ဖွံ့ဖြိုးနေတဲ့ ကလေးလေးတွေမှာ ဉာဏ်ပိုကောင်းစေနိုင်တယ်ဆိုတာက အငြင်းပွားစရာကို မလိုတာပါ။
မွန်မွန်